Thursday, October 16, 2008

ဧရာဝတီတမ်းချင်း

မနေ့က…. သူတို့မှာ ရည်ရွယ်ချက်တွေ ရှိခဲ့တယ် ။
မနေ့က …. သူတို့မှာ အိပ်မက်တွေ ရှိခဲ့တယ်။
မနေ့က…. သူတို့ မြစ်ပြင်ကျယ်မှာ
သီချင်းတကြော်ကြော်နဲ့
လှေလှော်ရင်း ငါးတွေဖမ်းခဲ့ ကြလိမ့်မယ်။
မနေ့က ….. သူတို့ ကိုရီးယားဇာတ်လမ်းကို
နောက်ဆုံးခန်းရောက်မှရပ်ခဲ့ရလိမ့်မယ်။
မနေ့က ….. သူတို့ ကောက်ရိုးပုံနဘေး၊
ပုဆိုးခြုံလေးတွေနဲ့စကားတွေပြောခဲ့ ကြလိမ့်မယ်။
မနေ့က …… သူတို့ ချိုချိုသာသာအပြုံးတွေနဲ့
ကျောက်သင်ပုန်းတစ်ချပ်ဝယ်ပေးဖို့ ပူဆာခဲ့ကြလိမ့်မယ်။
မနေ့က….. သူတို့ တစ်ယောက်ကို တစ်ယောက်လိုက်ဖမ်း၊
ရွာထဲလမ်းမှာတူတူပုန်းတမ်း ကစားခဲ့ကြလိမ့်မယ်။
မနေ့က …..သူတို့ အကိုကြီးငွေချိန်းရင်
အဖြူအစိမ်းလေး ၀ယ်ပေးဖို့ပြောခဲ့ကြလိမ့်မယ်။
မနေ့က…. သူတို့ ဆောင်းဦပေါက်မှာ
ဘုရားဖူးတစ်ခေါက်ထွက်ဖို့တိုင်ပင်ခဲ့ကြလိမ့်မယ်။
မနေ့က…… သူတို့ သီးနှံအထွက်ကောင်းရင်
ရှင်လောင်းတွေ အများကြီးနဲ့လှူဖို့တိုင်ပင်ခဲ့ကြလိမ့်မယ်။
မနေ့က …… သူတို့ သတ်ပုံအမှားတွေနဲ့
ရည်းစားစာ တစ်စောင်ပေးခဲ့လိမ့်မယ်။
မနေ့က ….. သူတို့ ၀ါမ၀င်ခင် လက်ထပ်ဖို့ အရေး
ဆွေးနွေးခဲ့ကြလိမ့်မယ်။
မနေ့က….. သူတို့ ………………………
………………………………………….။
ညတစ်ခုရဲ့ လေသံ၊ ရေသံ၊
မိုးချိန်းသံတွေ ကြားမှာ
အမေ……………. သမီးကိုဖက်ထားပါတဲ့။
သား……. အဖေ့လက်ကိုတွဲထားပါတဲ့။
ညီမလေး ……. အိမ်တိုင်ကို မြဲမြဲကိုင်ထားပါတဲ့။
ခုတော့လည်း တကွဲတပြားစီပေါ့။
ဆယ်စုနှစ်အလီလီက တည်ခဲ့ရတဲ့သူတို့ရဲ့ ဧရာဝတီပါ။
ဧရာဝတီ ရှိမှ မြန်မာပြည်စည်မယ်လေ။
လာပါသူငယ်ချင်းရေ……..
ကျန်သောဘ၀တွေ နလန်ထူဖို့
ဒို့လက်တွေ ဖေးကူကြစို့ရယ်။ ။

No comments: